ရေးသားသူ - Ko Sam Kosai
လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့ ကိုယ်ချင်းစာတရား
လှေစီးပြေး
သူတို့တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လူမဆန်တဲ့ ဖိနှိပ်မှုကို ခံခဲ့ကြရတယ်။ ဥပဒေနဲ့အညီ နိုင်ငံတော်က ကြီးမှူးပြီး ဖိနှိပ်တာရော ဒေသန္တရအမိန့် ဆိုတာနဲ့ရောပေါ့။ ဥပဒေမဲ့ လုပ်တာရော လူမဆန်တာရော ပါတာပေါ့။ ပြီးတော့ သူတို့တွေ ဒုက္ခသည်စခန်းထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ကြရတာ။ နာမည်ကိုက ဒုက္ခသည်စခန်းဆိုတော့ ဒုက္ခချည်းပဲပေါ့။ စိတ်ချမ်းသာစရာ ကောင်းတာ ဘာရှိမလဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံးကို ကန့်သတ်ခံထားရတာ။ အလုပ်လုပ်လို့မရ၊ အပြင်ထွက်လို့မရ။ ကိုယ်တွေဆိုရင်ကော နေနိုင်ကြမလား။ ကိုယ်ချင်းစာကြည့်ဖို့ပါ။ အနေချောင် အစားချောင်တယ်လို့ အလွယ်မပြောကြပါနဲ့ သူများမျက်နှာ ကြည့်ပြီး ပေးစာကမ်းစာ စားနေရတဲ့ဘဝ ဘယ်သူကမှ မလိုချင်ပါဘူး။ အရင်က အလုပ်အကိုင်ရှိတဲ့ ပညာတတ်၊ အစိုးရဝန်ထမ်း လုပ်ခဲ့သူတွေ၊ လယ်ပိုင်ယာပိုင် ရှိခဲ့သူတွေပဲလေ။ ဒီတော့ ဘင်္ဂလားဒေ့ရှ်ကို ပြေးတယ်။ မလေးရှားကိုပြေးတယ်။ အသက်စွန့်ပြီး ပြေးရတာပါ။ ငရဲခန်းကနေ၊ ငရဲသားတွေ လက်ထဲကနေ လွတ်အောင်ပြေးကြရတာပါ။ မေတ္တာတရားတို့၊ ကိုယ်ချင်းစာတရားတို့၊ ကိုယ်ကျင့်သီလတို့ မရှိတော့တဲ့ မျှော်လင့်စရာ မကျန်တော့တဲ့ နိုင်ငံကနေ ထွက်ပြေးကြရတာပါ။ သတ်မယ်ဖြတ်မယ်နဲ့ ဘီလူးသဘက်စိတ် ပေါက်နေတဲ့ သူတွေလက်ထဲကနေ ပြေးကြရတာပါ။
ခိုးဝင်
ပတ်စပို့ရုံးကို သွားတဲ့အခါ လူတန်းရှည်ကြီးကို တွေ့ရမယ်။ လူငယ်တွေ ဘယ်ကိုသွားကြသလဲ။ ဘာကြောင့်ပါလဲ။ သူတို့တွေ ဘယ်နှစ်ယောက် ထွက်သွားပြီး ဘယ်နှစ်ယောက် ပြန်လာကြသလဲ။ တရုတ်မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ဝင်ပေါက်တွေမှာ လူတွေတန်းစီပြီး ဝင်သူဝင် ထွက်သူထွက် ရှုပ်ရှက်ခတ်လို့နေပါတယ်။ ထိုင်းမြန်မာနယ်စပ် ဝင်ပေါက်တွေမှာလည်း ဒီလိုပါပဲ။ ကိုယ့်နိုင်ငံမှာ ခက်ခဲလွန်းလို့၊ အလုပ်မရှိလို့၊ ထမင်းမဝလို့၊ စစ်ဖြစ်လို့၊ စစ်သားစုဆောင်းလို့၊ မတရား ဖမ်းဆီး ညှင်းပန်းနှိပ်စက်လို့၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ပြီး ဒုက္ခတွေကြားမှာ တရားဝင်ရော တရားမဝင်ရော အလုပ်လုပ်နေတဲ့ သူတွေသန်းနဲ့ချီ ရှိနေပါတယ်။ တရားမဝင် အလုပ်လုပ်နေသူတွေက အဖမ်းအဆီးတွေကြားထဲ၊ မမျှတတဲ့လုပ်ခလစာနဲ့၊ အန္တရာယ်ရှိတဲ့အလုပ်တွေကို အကာအကွယ်နဲ့ ကူသူကယ်သူမရှိပဲ လုပ်နေကြရပါတယ်။ တလောက တရုတ်ပြည်မှာ အဖမ်းအဆီးများနေလို့ ကြံခင်းထဲ ပုန်းနေကြရတဲ့ ရခိုင်လူမျိုးတွေရဲ့ပုံကို ဝမ်းနည်းစရာ မြင်ခဲ့ရပါသေးတယ်။ သူတို့ကို ကျွန်တော် ခိုးဝင်လို့ မခေါ်ရက်ဘူး။ ခိုးဝင်ရှမ်းတွေ၊ ခိုးဝင်ကချင်တွေ၊ ခိုးဝင်ချင်းတွေ၊ ခိုးဝင်ဗမာတွေလို့ ကျွန်တော် ရက်ရက်စက်စက် မပြောရက်ဘူး။
ရိုဟင်ဂျာနဲ့ ဘင်္ဂလီ
ဘာလို့ သတင်းသမား၊ လူ့အခွင့်အရေးသမားတွေက ဘင်္ဂလီလို့ မခေါ်ဘဲ ရိုဟင်ဂျာလို့ ခေါ်သလဲတဲ့။ ဒေါ်လာစားနေရလို့လားတဲ့။
ဝင်ငွေနဲ့ ပတ်သက်တာကတော့ ဒီလိုပြောချင်ပါတယ်။ သတင်းသမားတွေ၊ လူ့အခွင့်အရေးသမားတွေဟာ တခြားလူတွေအားလုံးလိုပဲ အသက်မွေးဖို့၊ ထမင်းစားဖို့လိုပါတယ်။ ထိုက်သင့်တဲ့ ဝင်ငွေရတဲ့ အလုပ်ကို ကျင့်ဝတ်နဲ့အညီ လုပ်ကြရပါတယ်။ လူလူချင်းတန်ဖိုးထားတာ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာတာနဲ့ သက်ဆိုင်ရာ နိုင်ငံတကာ လုပ်ငန်းခွင် စံနှုန်းတွေကို လိုက်နာကျင့်သုံးရပါတယ်။ မလိုက်နာတဲ့သူတွေ ငွေကြေးမသမာမှု လုပ်တဲ့သူတွေကို ကြီးကြပ်တာတွေ၊ အရေးယူမှုတွေ၊ ထိန်းကွပ်မှုတွေ၊ ဖယ်ကျဉ်မှုတွေ လုပ်ကြပါတယ်။
နောက်တစ်ခုကတော့ ရိုဟင်ဂျာလား ဘင်္ဂလီလား ဆိုတဲ့ကိစ္စပါ။ လူ့အခွင့်အရေးသမားတွေက Right to self identify ကို ပြောကြပါတယ်။ မိမိကိုယ်မိမိ ဖော်ပြပိုင်ခွင့်၊ အမည်မှည့်ခေါ်ပိုင်ခွင့် လို့ ပြောရမယ် ထင်တယ်။ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးတဲ့ သဘောတရားတစ်ရပ် ဖြစ်ပါတယ်။
တကယ်တော့ ဒီသဘောတရားအတွက် မှီးငြမ်းကြတဲ့ နိုင်ငံတကာ ဥပဒေနဲ့ သဘောတူညီချက်တွေ အများကြီး ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း UDHR၊ ပုံစံမျိုးစုံနှင့် လူမျိုးရေး ခွဲခြားဆက်ဆံနေမှုများ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူချက် ICERD၊ စီးပွားရေး လူမှုရေး ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ICESCR၊ ပြည်သူနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ICCPR စတာတွေ ပါဝင်ပါတယ်။
လွယ်လွယ်နဲ့ အများနားလည်အောင် ဒီလိုပြောကြည့်လို့ ရပါတယ်။ တိုင်းရင်းသားတွေကိုပြောပြရင် ပိုနားလည်ရ လွယ်မယ်ထင်ပါတယ်။ ဥပမာ ဗမာတွေက ပဒေါင်လို့ ခေါ်တယ်။ ရှမ်းတွေက ပတ်တောင်း (ကြေးပတ်သူတွေ) လို့ ခေါ်ရာကနေ ဒီနာမည် တွင်လာတယ်။ ဒါကို သူတို့်က မကြိုက်ဘူး။ သူတို့ကိုယ် သူတို့ ကယန်းလို့ ခေါ်တယ်။ ဒါက သူတို့ အခွင့်အရေးပဲ။ ကျွန်တော်တို့က ဒီနာမည်ကို အသိအမှတ်မပြုဘူးလို့ သွားပြောလို့ မရဘူူး။ နောက်ဥပမာက ကချင်။ ဒီနာမည်က အင်္ဂလိပ်ခေတ်ကမှ တဖြည်းဖြည်းနဲ့ ဖြစ်လာတာ။ ဘယ်ကလာသလဲ လို့မေးတော့ ဂါးခြိုင် (မြေနီ)အရပ်က လာတယ်လို့ဖြေတာကို ကချင်လို့ ဖြစ်တာလို့ ဆိုပါတယ်။ သူတို့က ဂျင်ဖော်၊ ဇိုင်ဝ၊ လာချိတ် စသဖြင့် ကိုယ့်ကိုယ်ကို ခေါ်ကြတယ်။ စုပေါင်းနာမည်ကို ဝန်ပေါင်လို့ ခေါ်တာ မကြာသေးဘူး။ ဒါကို မခေါ်ရဘူးလို့ ကျွန်တော်တို့မှာ ပြောပိုင်ခွင့်မရှိဘူးလေ။ ရိုဟင်ဂျာဆိုတာ သမိုင်းမှာ မရှိခဲ့ဘူး၊ မကြာသေးခင်ကမှ မှည့်ထားတာလို့ ငြင်းကြတဲ့အခါ ဒီတိုင်းပြည်ရဲ့နာမည် ''မြန်မာ''ဆိုတာတောင် မကြာခင်ကမှ မှည့်ခေါ်ခဲ့တာကို သတိရဖို့ လိုပါတယ်။ တကယ်တော့ သမိုင်းအထောက်အထားတွေထဲမှာ ရိုဟင်ဂျာဆိုတာ ရှိခဲ့ပြီး ဦးနုလက်ထက်မှာ ကက်ဘိနက်ဝန်ကြီး တာဝန်ယူခဲ့တဲ့လူတွေ ရှိသလို၊ အစိုးရရဲ့ ရေဒီယိုအစီအစဉ်မှာ ရိုဟင်ဂျာ အစီအစဉ်ကိုလည်း လွှင့်ခွင့်ရခဲ့ကြပါတယ်။ နိုင်ငံဝန်ထမ်းတွေလည်း ရှိခဲ့ကြပြီး နိုင်ငံသားကဒ်တွေလည်း ရှိခဲ့ကြပါတယ်။ သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ ခေါ်တာကို ဆန့်ကျင်ကန့်ကွက်ဖို့ အခွင့်အရေး ကျွန်တော်တို့မှာ မရှိပါဘူး။ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်တာဟာ အခြေခံအကျဆုံး သူတို့ရဲ့ လူ့အခွင့်အရေးကို လေးစားတာ သူတို့ရဲ့ ဖြစ်တည်မှုကို လေးစားတာစာနာတာပဲ ဖြစ်ပါတယ်။ နာမည်မကျန်တော့တဲ့အခါ လူမျိုးပါ ပျောက်သွားမှာဖြစ်ပါတယ်။ သူတို့ရဲ့နာမည်ကို မခေါ်ဘဲ တခြားနာမည်ကိုခေါ်တယ်ဆိုရင် ကျွန်တော်တို့ဟာ လူမျိုးတစ်မျိုးကို ကမ္ဘာပေါ်က ပပျောက်သွားအောင်လုပ်တဲ့ မတရားမှုမှာ အလိုတူအလိုပါ ဖြစ်တယ်လို့မြင်ပါတယ်။ ကုလသမဂ္ဂ သတင်းအချက်အလက် စုဆောင်းရေးအဖွဲ့က အထောက်အထားနဲ့တကွ ဂျီနိုဆိုက် လူမျိုးတုံးရှင်းလင်းမှု ရှိနေတယ်လို့ပြောတာ အကြောင်းရှိလို့ပါ။ ခင်ဗျားတို့ရော ကျွန်တော်တို့ရော ဘယ်သူကများ ကိုယ့်လူမျိုးကို နာမည်ပျောက်ကွယ်သွားစေချင်ပါ့မလဲ။
ဘင်္ဂလီဆိုတာကတော့ ဘင်္ဂလီဘာသာစကား ပြောတဲ့ လူမျိုး၊ ယဉ်ကျေးမှုကို ပြောတယ်လို့ မြင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါနယ်က လူ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ပြောတာလို့ မြင်ပါတယ်။ ဘင်္ဂါလီစာဆိုကြီး ရာဘင်ဒြာနတ်သ် တဂိုးရဲ့ စာတွေကဗျာတွေကို မြန်မာစာပေကဗျာချစ်သူတွေက မြတ်မြတ်နိုးနိုး ဘာသာပြန်ဆို ဖတ်ရှုခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေး၊ လူမှုရေးလိုအပ်ချက်အရ ဖန်တီးတည်ဆောက်ကြခြင်း
နောက်တစ်ခုကတော့ လူမျိုးတို့၊ နိုင်ငံတို့ဆိုတာက ခေတ်ကာလကိုလိုက်ပြီး၊ လိုအပ်ချက်ကိုလိုက်ပြီး လူတွေက ဖန်တီးတည်ဆောက် ပြုပြင်ယူခဲ့ကြတယ် ဆိုတာပါပဲ။ မပြောင်းမလဲ အမြဲရှိခဲ့တဲ့ နိုင်ငံ၊ သွေးမနှောတဲ့ လူမျိုးဆိုတာ မရှိခဲ့ပါဘူး။ ဒါက လူမှုရေးသိပ္ပံ၊ နိုင်ငံရေးသိပ္ပံ၊ မနုဿဗေဒ ရှုဒေါင့်ကနေ ပြောကြတာပါ။ အရင်က မရှိခဲ့တဲ့ နိုင်ငံကို ရှိလာအောင် စုဖွဲ့တည်ဆောက်ကြတဲ့အခါမှာ အတူနေထိုင်သူတွေ အားလုံးကို ကိုယ့်လူလို့ သဘောထားနိုင်ဖို့ လိုပါတယ်။
ကိုယ်ချင်းစာတရား လောကပါလတရား
လူ့ဘောင်တစ်ခု ငြိမ်းချမ်းတည်ငြိမ်ဖို့ဆိုတဲ့နေရာမှာ အခြေခံအကျဆုံးကတော့ လူ့တန်ဖိုးပါပဲ။ လူသားချင်း စာနာစိတ် ရှိတာပါပဲ။ သတ္တဝါအပေါင်းကို မေတ္တာ ကရုဏာတရားထားတာဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံတန်ဖိုးလည်း ဟုတ်တယ်လို့ မြင်ပါတယ်။ ဗြဟ္မစိုရ်တရားလေးပါးကို လောကကို မပျက်စီးအောင် စောင့်ရှောက်တတ်တဲ့ လောကပါလ တရားလို့လည်း ပြောကြပါတယ်။
ခုတလော ရဋ္ဌပါလ အသင်းကြီးဖွဲ့စည်းတယ် ဆိုတာကြားရပါတယ်။ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရမယ်ဆိုတာလည်း ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ ဘာကို ကျွန်တော်တို့ စောင့်ရှောက်ချင်ကြပါသလဲ။ ဘယ်လိုစောင့်ရှောက်ကြမှာပါလဲ။
ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာဝင် လူဝတ်တွေ ရဟန်းတော်တွေက ဗုဒ္ဓရဲ့အဆုံးအမ တရားတော်တွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့်သာ စောင့်ရှောက်နိုင်မှာ မဟုတ်ဘူးလား။ ဗုဒ္ဓဘာသာလို့ ခံယူထားသူတွေက အခြေခံငါးပါးသီလကို လုံပါပြီလား။ ကိုယ်နဲ့မတူသူတွေကို သတ်ဖြတ်ပစ်ဖို့၊ အမျိုးမကျန်အောင် မျိုးဖြုတ်ပစ်ဖို့၊ အားလုံးကို ဗုံးခွဲသတ်ပစ်ဖို့ ကာယကံ ဝစီကံ မနောကံတွေနဲ့ ကျူးလွန်နေကြတာ ဆိုရှယ်မီဒီယာတွေပေါ်မှာ မြင်မကောင်းအောင်ပါပဲ။ ဒီလိုပြောနေဆိုနေသူတွေထဲမှာ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးသမားတွေ၊ ရဟန်းတော်တွေပါ ပါနေတာ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ပစ်ချနင်းခြေပြီး ဒီလိုပြုမူနေတာဟာ သာသနာတော်ကို စောင့်ရှောက်နေတာလား ဖျက်ဆီးနေတာလားလို့ မေးချင်ပါတယ်။
ရဋ္ဌပါလ တိုင်းနိုင်ငံကို စောင့်ရှောက်ခြင်းလို့ပြောတဲ့အခါ သီလပါလ ကိုယ်ကျင့်သီလကို စောင့်ရှောက်ခြင်းတို့၊ သုစရိတပါလ ကောင်းမွန်သော အကျင့်တရားတို့ကို စောင့်ရှောက်ခြင်းတို့ကိုရော မပြောကြတော့ဘူးလားလို့ မေးစရာဖြစ်ရပါတယ်။ နောက်ပြီး ရဋ္ဌ တိုင်းနိုင်ငံဆိုတာ ဘာကိုပြောတာပါလဲလို့ မေးချင်ပါတယ်။ မြေကြီးကိုပြောတာလား၊ အစိုးရကိုပြောတာလား။ အဲဒီနေရာမှာ ဖြစ်တည်နေကြတဲ့ လူတွေ၊ ယဉ်ကျေးမှုတွေ၊ တန်ဖိုးထားမှုတွေကိုရော ဘယ်လိုစောင့်ရှောက်ကြမှာပါလဲ။
လူ့လောကကြီးဟာ တိုင်းနိုင်ငံတွေဟာ မတူညီတဲ့ လူတွေ၊ မိသားစုတွေ၊ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေ၊ ယုံကြည်မှုတွေ၊ ဝါဒတွေနဲ့ စုဖွဲ့ထားတာပါ။ ကျွန်တော်တို့တွေဟာ အခြေခံ လူ့တန်ဖိုး၊ အပြန်အလှန်လေးစားမှုနဲ့ ကိုယ်ချင်းစာတရား မရှိဘူးဆိုရင် ဘယ်လို အတူနေနိုင်ပါ့မလဲ။ ဘယ်တော့များမှ ငြိမ်းချမ်းပြီး တိုးတက်တဲ့နိုင်ငံကို မြင်ကြရပါ့မလဲ။ အနာဂတ်ဆိုတာ ကျွန်တော်တို့ရဲ့ လက်ရှိကာလမှာ ကြံစည်ပြုမူတာတွေ၊ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေအပေါ် မူတည်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမုန်းတရား အကြောက်တရားကို ရွေးကြမလား။ ဒါမှမဟုတ် ကိုယ်ချင်းစာစိတ်နဲ့ ချစ်ခြင်းမေတ္တာတရားကို ရွေးကြမလား။
Original photo: Mar Naw, MPA