အာဏာသိမ်းမြန်မာစစ်အစိုးရက ရိုဟင်ဂျာမဟုတ်သည့်တိုင်းရင်းသားများ၊ အာဏာသိမ်းဆန့်ကျင်ရေး ဒီမိုကရက်များနှင့် သဘောထားကွဲပြားနေသူများကို လူမျိုးတုံးသတ်ဖြတ်ဖျက်ဆီးနေခြင်း

By Dr. Maung Zarni | Published by Mizzima on March 16, 2023

အာဏာသိမ်းမင်းအောင်လှိုင်စစ်အစိုးရက ဒုက္ခသည်များကိုနေရပ်ရင်းပြန်ခွင့်ပြုမည်ဟု ပြောနေခြင်းမှာ ဘာမျှမဟုတ် နိုင်ငံတကာဖိအား လေပေါင်လျော့စေရန် လျှော့ပေးခြင်းမျှသာဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များက သူတို့အနေနှင့် လူ့အသိုင်းအဝိုင်းတစ်ခုပြီးတစ်ခုကို ပစ်မှတ်ထားကာ ရာဇဝတ်မှုတွေကို ကျူးလွန်သည့် လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ဆက်လက်ပြီးလုပ်၍ရသေး သည်ဟု ထင်မြင်ပုံရသည်။

လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် နိုင်ငံတကာရာဇဝတ်မှုများကို တစ်ခုပြီး တစ်ခုကျူးလွန်နေသည့်တိုင် ပန်းပန်နေဆဲရှိသည်ကို ကြောက်မက်ဖွယ်တွေ့နေရသည်။ ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးဟူသည့် ကလေးကွက်လေးဖြင့် နိုင်ငံတကာအစိုးရများကို သူတို့အရူးလုပ်ရန်ကြိုးပမ်း လျက်ရှိသည်။

ယခင့်ယခင် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အစိုးရများ နှင့်တစ်ထပ်တည်းပင်၊ မြန်မာစစ်အစိုးရ ကလည်း ရိုဟင်ဂျာတစ်မျိုးတည်းသာမဟုတ် အခြားလူအများအပြားကိုလည်း သတ်ဖြတ်ခဲ့ကြသည်။

(၁၉၃၀ စုနှစ်များ ၁၉၄၀ စုနှစ်များက နာဇီဖက်ဆစ်များသည် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ ကွန်မြူ နစ်များ၊ မသန်မစွမ်းဂျာမန်လူမျိုးများ၊ လိင်တူဆက်ဆံသူများ၊ ဂျူးများ၊ ဂျစ်ပဆီများ၊ အိမ်ခြေရာခြေ အတည်တကျမရှိဘဲ တစ်နေရာမှတစ်နေရာသို့လှည့်လှည်သွားလာနေသည့် Sinti များကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်ပစ်ခဲ့ကြသည်။ ဆူဟာတိုကမူ တရုတ်များနှင့် အင်ဒိုနီးရှားက ကွန်မြူနစ်ဟု တံဆိပ် ကပ်ထားခြင်းခံရသူများကို ၁၉၆၀ စုနှစ်များက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြသည်။ ခမာနီ အစိုးရကမူ ဗုဒ္ဓဘာသာရဟန်းတော်များ၊ ချမ်းမူဆလင်များနှင့် ခမာဘူဇွာ များကို ၁၉၇၀ စုနှစ်များက သတ်ဖြတ်ခဲ့ကြသည်)။

ဂမ်ဘီယာ က မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင်တရားစွဲထား၍ တရားရင်ဆိုင်နေရဆဲမှာ ပင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် သည် အလားတူရာဇဝတ်မှုများကို တစ်ပုံစံတည်း ဆက်လက် ကျူးလွန်နေသည်။ သည်တစ်ကြိမ်တွင်တော့ ကရင်နီ၊ ကရင် နှင့် ကချင်လူမျိုးများအပေါ်ကျူးလွန်ခြင်း ဖြစ်သည်။

ပို၍တုန်လှုပ်စရာကောင်းသည်မှာ မြန်မာနိုင်ငံအပူပိုင်းဒေသ မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်နေကြသည့် ဗုဒ္ဓဘာသာဝင်များအပေါ်တွင်ပါ ကျူးလွန်ခြင်းဖြစ်သည်။

မတ်လ ၃ ရက်နေ့တွင် ကုလသမဂ္ဂ က ‘၁ ဖေဖော်ဝါရီ ၂၀၂၁ ကတဲက မြန်မာနိုင်ငံအတွင်းကျူးလွန် နေသည့် လူ့အခွင့်အရေးအခြေအနေ - ကုလလူ့အခွင့်အရေးမဟာမင်းကြီး၏အစီရင်ခံစာ’ ဆိုသည့် အချက်အလက်များ ကိုထုတ်ပြန်ခဲ့သည်။ ယင်းကို ဂျနီဗာ ရှိ ကုလလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက်အစည်းအဝေးတွင် မဟာမင်းကြီး ဗော်ကာတခ် (Volker Turk) ကတင်သွင်းခဲ့ခြင်းဖြစ်သည်။

စစ်တပ်ကမကြာခဏအသုံးပြုလေ့ရှိသော နည်းပရိယယ်တစ်ခုမှာ ကျေးရွာများနှင့်လူနေထိုင်ရာအဆောက်အဦတို့ကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ ကချင်ဒေသတွင် ၂၀၁၁ ခုနှစ်က ကျူးလွန်ခဲ့ခြင်းနှင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့ခြင်းများအပါအဝင် ဆယ်စုနှစ်များစွာက မှတ်တမ်းတင်ထားခဲ့သည့်အတွင်း သူတို့သုံးသည့်နည်းလမ်းမှာ တစ်သမတ်တည်း ဖြစ်သည်။

 

တစ်ပြည်လုံးမှ အိမ်ပေါင်း ၃၉,၀၀၀ ခန့်မျှ ၂၀၂၂ ခုနှစ် ကတည်းကပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း မီးရှို့ခံခဲ့ရသည်၊ သို့တည်းမဟုတ်၊ ဖျက်ဆီးခံခဲ့ရ သည်၊ ၂၀၂၁ ခုနှစ်နှင့်နှိုင်းစာလျှင် အဆပေါင်း တစ်ထောင်ကျော်တိုးလာခြင်းဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ရေးသားထားသည်။

လွန်ခဲ့သော ငါးနှစ်ကပင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် မြန်မာနယ်စပ်ကိုဖြတ်ကာ ဘင်္ဂလာဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ရာပေါင်းများစွာသော သူတို့ရွာများကို မြန်မာစစ်တပ်က ပြုတ်ပြုတ်ပြုန်းအောင်ဖျက်ဆီးခဲ့၍ အသက်လုထွက်ပြေးခဲ့ကြရခြင်းဖြစ်သည်။

ဤစစ်တပ်သည်ပင် လွန်ခဲ့သော နှစ်နှစ်စစ်အာဏာသိမ်းပြီးကတည်းက ဤနည်းပရိယယ်များကိုပင်သုံးကာတိုင်းပြည်၏ ပဋိပက္ခဖြစ်ပွားနေသောဒေသများ၏ ၈၀% မှ လူပေါင်း ၁ဒသမ၃ သန်းကိုနေအိမ်များမှထွက်ပြေးရ အောင်ပြုလုပ်ခဲ့သည်။

ဗုဒ္ဓဘာသာဝင်မဟုတ်သူများ၊ မြန်မာမဟုတ်သူများ၊ သို့မဟုတ် မြန်မာများအပေါ်စစ်အစိုးရကျူးလွန်ခဲ့သည့် နာမည်ပျက်လှသည့်လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ဆယ်စုနှစ်များစွာကြာအတွင်း သေချာစွာ မှတ်တမ်းတင်နိုင်သမျှတင်ထားခဲ့ကြသည်။

သို့သော်ယခုတစ်ကြိမ်အာဏာသိမ်းစစ်အစိုးရကမူ လူ့အသိုင်းအဝိုင်းများကို ရည်ရွယ်ချက်ရှိရှိမြေလှန်စနစ်ကျင့်သုံးဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို တစ်တိုင်းတစ်ပြည်လုံးအနှံ့ နိုင်ငံရေးအရ အပြင်းအထန်ဆန့်ကျင်ခဲ့သူများကို တမင်တကာပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံအစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းအပြီးတစ်ပတ်အကြာမှာပင် ကရင်နီပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့မှ တက်ကြွလှုပ်ရှားသူများကိုသွားရောက်တွေ့ဆုံခဲ့သည်။

သူတို့သည် သူတို့လူ့အသိုင်းအဝိုင်းအပေါ်ကျူးလွန်ခဲ့သည့်ထိတ်လန့်တုန်လှုပ်ဖွယ် ရက်စက်ကြမ်းကြုတ်မှု များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ကြရသူများဖြစ်သည်။

လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စိန်ပြောင်းဖြင့်ပစ်ခတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းတို့ကို ကြုံခဲ့ကြ ရသူများဖြစ်သည်။

ကရင်နီလူမျိုးများသည် ထိုင်းနိုင်ငံနယ်စပ်ရှိ ဘိုးဘပိုင်နယ်မြေတွင်နေထိုင်ကြသည့် လူနည်းစုတိုင်းရင်းသားများဖြစ်ကြသည်။

မြန်မာစစ်တပ်၏ အရပ်သားများ၊ ကိုးကွယ်ယုံကြည်ရာအဆောက်အအုံများအပါအဝင် အရပ်သားအခြေခံအဆောက်အအုံများအပေါ် တမင်တကာတိုက်ခိုက်မှုများကြောင့် ယခုအခါ ကရင်နီပြည်နယ်လူဦးရေး၏ထက်ဝက်ခန့်မှာ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များဖြစ်နေကြပြီဖြစ်သည်။

ဒုတိယအကြီးဆုံးမြို့ မန္တလေးနှင့် ကပ်ရက်ဖြစ်သော မြန်မာဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ အချက်အချာဒေသဖြစ်သည့် စစ်ကိုင်းတိုင်းသည်လည်း လူများအစုအပြုံလိုက်သတ်ဖြတ်ရာနေရာ၊ အကြီးအကျယ်ဖျက်ဆီးခံရရာ နေရာဖြစ်နေပြီဖြစ်သည်။

ဤအရပ်ရှိ လူများသည် စစ်အာဏာသိမ်းတပ်၏တပ်ဖွဲ့ဝင်များကို ပြင်းထန်သည့် လက်နက်ကိုင်ခုခံမှုများတွင် ပူးပေါင်းပါဝင်ခဲ့ကြ၍ယခုကဲ့သို့ပြုလုပ်ခံခဲ့ကြရခြင်း ဖြစ်သည်။

ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဒေသအားလုံးတွင် စစ်တပ်ဖွဲ့များက ယခုအခါ ပို၍အကြိမ်များများ ပုံမှန်လို လုပ်လာနေသည်မှာ အရပ်သားများကို ခေါင်းဖြတ်သတ်ဖြတ်ခြင်းဖြစ်သည်။

ပြီးလျှင်ခေါင်းပြတ်များကို လူမြင်ကွင်းတွင်ပြသထားခြင်း၊ ဆိုရှယ်မီဒီယာပေါ်တွင် တင်ခြင်းတို့ဖြင့် ဒေသခံများသာမကစစ်အာဏာသိမ်းမှုဆန့်ကျင်နေသည့် လူထုတရပ်လုံးကို ထိတ်လန့်ကြောက်ရွံ့သွားအောင်ပြုလုပ်ခြင်းပင်ဖြစ်သည်။

ထိုင်းနယ်စပ် လူနည်းစုတိုင်းရင်းသားများနေထိုင်သော ကရင်နီ နှင့် ကရင်ဒေသများတွင်မူ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည့် အရပ်သားများကို ကျေးရွာများတွင်ရှိ သောက်သုံးရေတွင်းများအတွင်းသို့ ပစ်ချထားခြင်းများပြုလုပ်ပြီး သောက်သုံးရေကို အများပြည်သူသောက်သုံးမရအောင် ပြုလုပ်ကြသည်။

ကုလအစီရင်ခံစာက မြန်မာစစ်တပ်များက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံခဲ့ရသော အိမ်များကိုမင်သက်မိသွားစေလောက်သည့် ကိန်းဂဏန်းဖြစ်သော ၃၉,၀၀၀ ဟုဖော်ပြခဲ့သည်။

အဆိုပါ ကိန်းဂဏန်းတွင် ဆေးပေးခန်းများ၊ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများ၊ ရိက္ခာနှင့်ဆန်သိုလှောင်ရာ ဂိုဒေါင်များနှင့် ဈေးများကဲ့သို့သော အခြားအရပ်သားနှင့် ဘာသာရေးဆိုင်ရာအခြေခံအဆောက်အအုံများမပါသေးပေ။

လူနေအိမ်ဖျက်ဆီးခံရသည့် အတိုင်းအတာပမာဏမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများကြုံခဲ့ရသည့် လူမျိုးတုံးဖျက်ဆီးမှုများနှင့် နှိုင်းယှဉ်နိုင်လောက်သည့် ပမာဏဖြစ်သည်။

သို့သော် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုများကျူးလွန်သူများကပင် အခြားမတူသည့်အုပ်စုများ (ဒီမိုကရက်များ၊ သဘောထားကွဲသူများနှင့် သူတို့၏အသိုင်းအဝိုင်းများ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် တိုင်းရင်းသားလူနည်းစုများ) တို့အပေါ် လူမျိုးတုံးသတ်ဖြတ်ဖျက်ဆီးမှုများ နောက်တစ်ကြိမ် ကျူးလွန်လာခြင်းအပေါ်တွင်မူ သတိပေးသံများမကြားရပါ။

ထိုသို့ဖြစ်ရသည့်ဖြစ်နိုင်စရာအကြောင်းအချက်မှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ကြီးတို့လို အဓိကလူ့အခွင့်အရေးအဖွဲ့ကြီးများအနေဖြင့် တရားသူကြီးများရှေ့နေများရှေ့မှောက်တွင် လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲသောမှုခင်းများတွင် သက်သေပြရန်ဘယ်လောက်ခက်ခဲသည်ဆိုသည်ကို သိနေ၍ဖြစ်မည်။ သူတို့သည် ဂျနီဗာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များကို ဖတ်ရှုဖွင့်ဆိုရာ၌ အလွန်အနုစိတ်ပြုလုပ်ကြသူများဖြစ်သည်။

(ဂျနီဗာ ကွန်ဗင်းရှင်းသည် မူများကို ဖော်ပြထားသည့် ကြေညာချက်မဟုတ်၊ နိုင်ငံအချင်းချင်းအကြား စည်းနှောင်မှု ရှိသည့် စာချုပ်တစ်ရပ်ဖြစ်သည်။ သို့သော် အများပြည်သူကိုကာကွယ်ရန်တာဝန်ရှိခြင်း R2P ကဲ့သို့ (ရဝမ်ဒါပြည်တွင်းစစ်အလွန်ကာလကဲ့သို့) အမှန်တကယ် အရေးယူအပြစ်ပေးနိုင်ခြင်းမရှိ။ သို့သော် လူမျိုးတုံးသတ်ဖြတ်ခြင်း (genocide) အယူအဆသည်(လူအုပ်စုအများအပေါ်ကျူးလွန်ခဲ့သည့်) နာဇီလူမျိုးတုံးသတ်ဖြတ်မှုများမတိုင်ခင်ကပင် ရှိနှင့်ပြီးဖြစ်သည်။ ယင်းကိုဖော်ထုတ်ခဲ့သည်မှာ ပိုလန်လူမျိုး ရာဖဲလ်လမ်ကင်း (Raphael Lemkin)ဆိုသည့် ပိုလန်ဂျူးဥပဒေပညာရှင်တဦးဖြစ်သည်။

နာဇီတို့ ဂျူးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးလောက်တိုက်သွင်းခဲ့သည့် ဟိုလိုကော့စ် (Holocaust) ရာဇဝတ်မှုကြီးအပြီးတွင် ဤသို့သောဖျက်ဆီးသတ်ဖြတ်မှုကြီးကို လူမျိုးတုံးသတ်ဖြတ်မှုကြီးအဖြစ် အောင်မြင်စွာ လှုံ့ဆော်စည်းရုံးနိုင်ခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ဆိုသည်မှာ လူအမြောက်အမြားကို သတ်ဖြတ်မှုကိုပြောခြင်းမဟုတ်၊ သီးသန့်ကိုယ်ပိုင်အမှတ်လက္ခဏာရှိသည့် လူများ သို့မဟုတ် လူအုပ်စု တစ်ခုခုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်သည်။

လမ်ကင်၏အယူအဆ နိုင်ငံတကာဥပဒေနယ်ပယ်သို့ ဝင်ရောက်လာပြီး ဂျနီဗာကွန်ဗင်းရှင်း ဖြစ်လာချိန်တွင် ဤဝေါဟာရမှာ လူဦးရေအမျိးအစား လေးခု ကို‘ကာကွယ်အစောင့်အရှောက်ခံအုပ်စုများ’ အဖြစ် သတ်မှတ်ဖော်ပြထားသည်။

ယင်းတို့မှာ တိုင်းရင်းသား၊ လူမျိုး၊ ဘာသာရေး နှင့် အမျိုးသားလူမျိုး တို့ဖြစ်ကြသည်။

မတူညီသောကိုယ်ပိုင်အမှတ်လက္ခဏာ ရှိသူများအဖြစ် ဒီမိုကရက်များ၊ အတိုက်အခံများ၊ကွန်မြူနစ်များ အစရှိသည့် လူအုပ်စုများက တူညီသည့်အကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ကုလသမဂ္ဂမူလအဖွဲ့ဝင်နိုင်ငံများအတွင်းရှိ အုပ်စုငယ်လေးတစ်ခုအကြား နိုင်ငံရေးအပေးအယူညှိနှိုင်းမှုအဖြစ် ချန်လှပ်ထားခဲ့ရသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ကျွန်တော်တို့နိုင်ငံမှ အလွန်စံကျသောလူမျိုးတုံးသတ်ဖြတ်မှုကြီးအကြောင်း ပြည်ပရောက် မြန်မာလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ပညာရှင်တစ်ဦးအဖြစ် ကျွန်တော်သတိပေးခရာမှုတ်ခဲ့ပါသည်။ ဖွင့်ချခဲ့ပါသည်။

ရိုဟင်ဂျာတည်း ဟူသောလူအုပ်စုတရပ်ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးပစ်ရန် စနစ်တကျညှဉ်းပန်းနှိပ်စက်ခဲ့ပုံအကြောင်း သုံးနှစ်မျှလေ့လာခဲ့ပါသည်။

ယင်းသို့လေ့လာမှု တစ်ခုလုံးကိုသော်၎င်း၊ တစ်စိတ်တစ်ပိုင်းကိုသော်၎င်း ကျွန်တော်၏သုတေသနလုပ်ဖော်ကိုင်ဖက်နှင့် ဇနီးဖြစ်သူ ဒေါက်တာနာတာလီဘရင်ဟမ် (Dr Natalie Brinham) နှင့် ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

မျက်မြင်သက်သေအမြောက်အမြား၏ပြောကြားချက်များကို နားထောင်ခြင်း၊ နိုင်ငံတစ်ဝန်းလူအုပ်စုအမျိုးမျိုးအပေါ် စစ်တပ်ကကျင့်သုံးနေသည့် နည်းပရိယယ်များအကြောင်း စာရွက်စာတမ်းအထောက်အထားများကို လေ့လာခြင်းတို့ကိုပြုလုပ်ခဲ့ပြီးနောက် စစ်တပ်က အလားတူလူမျိုးတုံးသတ်ဖြတ်မှုများကို ကျူးလွန်လာနိုင်သေးကြောင်း ကျွန်တော် သတိပေးခဲ့ပါသည်။

နိုင်ငံတကာတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုကာကွယ်နေသည့် ထို စစ်တပ်ကပင် ယခုအခါ နောက်တစ်ကျော့ လူမျိုးတုံးသတ်ဖြတ် ဖျက်ဆီးမှုကြီးကိုကျူးလွန်နေပြန်ပါသည်။

ယခုအခါတွင်တော့ ဒီမိုကရက်များ၊ သဘောထားကွဲပြားသူများ၊ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ တိုင်းရင်းသားလူများစုများနှင့် ဗမာမဟုတ်သောလူနည်းစုများဖြစ်သည့် မြန်မာနိုင်ငံသားများ အပေါ်ကျူးလွန်နေကြခြင်းဖြစ်ပါသည်။

လူမျိုးတုံးသတ်ဖြတ်သည့်ရာဇဝတ်မှုကို ကာကွယ်အပြစ်ပေးနိုင်သည့် ကွန်ဗင်းရှင်းတစ်ရပ်ရှိနေခြင်း နှင့် ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့ကပြဋ္ဌာန်းချမှတ်ခဲ့ပြီးကတည်းက လွန်ခဲ့သောနှစ်ပေါင်း ၇၀ အတွင်း ဤကွန်ဗင်းရှင်းကိုကျင့်သုံးခဲ့ခြင်း နှစ်ရပ်စလုံးက ဟိုလိုကော့်စ် အပြီး ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသည့် လူမျိုးတုံးသတ်ဖြတ်မှုများကို ထိရောက်စွာဟန့်တားနိုင်ခဲ့ခြင်းမရှိဆိုသည်မှာ ပြောစရာပင်မလိုပါ။

ဒါဆိုရင် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခံခဲ့ရသူများနှင့် အသက်ဘေးမှလွတ်မြောက်လာသူ သန်းပေါင်းများစွာကမအောင်မြင်မထိရောက်မှန်းသိလျက်နှင့် ဘာလို့များ ဤလူမျိုးတုံးသတ်ဖြတ်မှုများကိုတရားဥပဒေအရပဲ ချဉ်းကပ်ဆောင်ရွက်နေကြရပါသလဲ။

တရားရုံးများနှင့် ရှေ့ နေများကသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဂျီနိုဆိုက်ကို ဂျီနိုဆိုက်လို့ ခေါ်ဖို့အလွန်အရေးကြီးပါတယ်။ အနည်းဆုံးတော့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် တိုက်ပွဲခေါ်သံကို အသိဉာဏ်ရှိသူ ဂရုဏာတရားရှိသူတို့က ကြားကြလိမ့်မည်။

(စာရေးသူသည် နိုင်ငံတကာနိုင်ငံရေးတွင် နှစ်ပေါင်း ၃၅ နှစ်ကြာမျှ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကိုအထူးပြုလေ့လာသည့် ပညာရှင်တစ်ဦးဖြစ်သည်)

Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...